သွေးထွက်အောင် မှန်တဲ့ ဗေဒင်

ရှေးတုန်းက အမျိုးသမီး တယောက်ဟာ အပ်ချုပ်ရင်းနဲ့ အပ်တချောင်း ကျပျောက် သွားတယ် ။ ကျသွားတဲ့ အပ်ကို မရှာဘဲ ဗေဒင်ဆရာဆီ သွားမေး ပါလေရော ။

ဗေဒင်က တခါ မေးရင် ဆန်တပြည်နဲ့ ငွေတမတ် ပေးရတယ် ။ ဒီတော့ ဗေဒင်ဆရာက တချက် စဉ်းစား သလို ဟန်ပြင်ကာ ကျောက်သင်ပုန်း ပေါ် ဟိုခြစ် ဒီခြစ် လုပ်ပြီး

” ခင်ဗျား အပ်က ခင်ဗျား အပ်ချုပ်တဲ့ နေရာ အောက်မှာ ရှိတယ် ၊ ဆန်ကာစိပ်နဲ့ ထိုးရှာရင် ရကိန်း ရှိတယ် ၊ ဒါပေမယ့် တခုတော့ မှာလိုက်မယ် ”

” ဟုတ်ကဲ့ ပြောပါ ဆရာ ”

” အပ် ပြန်ရတဲ့ အချိန်မှာ ခင်ဗျား ယောက်ျားကို သွား မပြောနဲ့ ”

” ဘာဖြစ် လို့လဲ ဆရာ ”

” သွားပြောရင် သွေးထွက် သံယို ဖြစ်ကိန်း ရှိတယ် ”

အမျိုးသမီးလည်း သေချာ မှတ်သားပြီး အိမ်ပြန် လာ ခဲ့တယ် ။ ဒါနဲ့ အိမ်ပြန် ရောက်တော့ ဗေဒင်ဆရာ ဟောတဲ့ အတိုင်း ဆန်ကာစိပ် နဲ့ ရှာလိုက်တာ အပ်ကို ပြန်တွေ့ သွားတယ် ။

ညနေ အလုပ်က ပြန်လာတဲ့ ယောက်ျားကို ဗေဒင် မှန်တဲ့ အကြောင်း ဝမ်းသာ အားရနဲ့ ပြန် ပြောမိ သွားတယ် ။ ဒီတော့ ယောက်ျားက

” အတော် ‘ အ ‘ တဲ့ မိန်းမ ၊ အပ်လေး တချောင်းမှ တပြားတောင် မတန် ဘဲနဲ့ ၊ ဆန်တပြည် ငွေတမတ် အကုန် ခံပြီး သွားမေးရ သလား ၊ အဲဒီငွေနဲ့ အပ် ဝယ်ရင် နင့်ကိုတောင် ဖို့ပစ်လို့ ရသေးတယ်ဟဲ့ ” ဆိုပြီး ပြောလည်း ပြော ၊ လက်ကလည်း ထုလိုက်တာ အမျိုးသမီးရဲ့ ခေါင်း ပေါက်သွား ပါလေရော ။

ဒါတောင် နာလို့ ယောင်ပြီး အော်မိ သွားတယ် ။ ” အမလေး ဗေဒင်ဆရာ ရဲ့ မှန်လိုက်တာ တော့ ” တဲ့ ။

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား