သိပ်ကောင်းတဲ့ အကြောင်းပြချက်

မနေ့ညက မကြီးမငယ်နဲ့ အိပ်ယာထဲ ရှူးရှူး ပေါက်ချသော မောင်ရိုးကို သူ့မိန်းမက ပယ်ပယ် နယ်နယ် ဆူနေလေသည် ။ မောင်ရိုး မျက်နှာလေး ငယ်ငယ်နှင့် သူ့မိန်းမကို ရှင်းပြခွင့်ပြုရန် တောင်းပန် ပါသည် ။

တောင်းပန်လွန်း အားကြီး၍ သူ့မိန်းမက မျက်နှာထား တင်းတင်း နှင့်ပင် ရှင်းပြခွင့် ပေးလိုက်သည် ။ မောင်ရိုး ရှင်းပြသည်မှာ

” ဒီလိုကွ ငါ ညက အိပ်မက် မက်တယ် ၊ ငါ့အိပ်မက်ထဲမှာ ဘေးအိမ်က လူပျိုကြီးပေါ့ ။ မင်းကို ‘ ငါးပူတင်းမကြီး ‘ လို့ လူတွေကို အတင်းလျှောက် ပြောတယ်လေ ”

” ဟင် ဒင်းကများ ကျုပ်ကို ၊ ဒါနဲ့ နေပါအုံး သူအဲ့လို ပြောတာနဲ့ ရှင်အိပ်ယာထဲ ရှူးပေါက် ချတာက ဘာဆိုင်လို့လဲ ရှင့် ”

” နေအုံးလေကွာ ငါ့အိပ်မက်က မပြီးသေးဘူးလေ ”

” ကဲ ဒါဆို ဆက်ပြော ဆက်ပြော ”

” နောက်တစ်ခါ သူ့အနားက ငါဖြတ်အလာ ဘေးအိမ်က လေထိုးထားတဲ့ ဝက်မကြီးရဲ့လင် ဆိုပြီး ငါ့ကို မကြားတကြားနဲ့ ပြောသေးတယ် ”

” ဘာ ဘာပြောတယ် ရှင့် ”

” နေအုံး နေအုံး မပြီးသေးဘူး မင်းကို ပြောတာ ရှိသေးတယ် ၊ လူပျိုကြီး ဖြစ်ချင် ဖြစ်နေပစေ မင်းလို မယ်ကုဝဏ်ပုံ ကြီးတော့ တံတွေးတောင် လှည့်မထွေးဘူး လို့လည်း ပြောသေးတယ်ကွ ”

” တောက် မသာကြီး တော်တော် လွန်နေပြီ ၊ ဒါနဲ့ ရှင်ပြောနေတဲ့ အထဲမှာ အိပ်ယာထဲ ရှူးပေါက်တာနဲ့ ပက်သက်တာ တခုမှလည်း မပါသေး ဘူးနော် ”

” ပါ ပါပြီကွာ အဲဒီကိစ္စ အခု ပြောတော့မလို့ ဒီလို ဒီလို ၊ သူ ကားစီးနေတာကို ငါတို့ လင်မယားက မနာလိုဖြစ်နေတယ် လို့လည်း ပြောသေးတယ် ဟ ”

” ဟင် ဒီလိုပဲ ပြောသလား ၊ သူ့ ကားမျိုးလောက်တော့ ကျုပ်က သေးတောင် လှည့်မပေါက်ဖူး ၊ နေပါအုံး ရှင်က အိပ်မက်ထဲမှာ ကိုယ့်မိန်းမကို ဒီလောက် စော်ကားနေ တာကို ဒီတိုင်း ငြိမ်ခံနေလား တော့ ဟွင်း ဟွင်း ”

” အေး အဲ့ဒါပြောတာပေါ့ ၊ သူ ဒီလိုပြောတော့ ငါလည်း သောက်မြင် ကပ်ကပ်နဲ့ သူ့ကားကို သေးနဲ့ ပန်းပစ်လိုက် တယ်လေ ဒီမှာတင် ”

မောင်ရိုး၏ စကား မဆုံးမီမှာပင် မိန်းမဖြစ်သူက ကျေနပ် အားရစွာဖြင့်

” တော်ပြီ တော်ပြီ ၊ ကျုပ် သဘောပေါက်ပြီ ၊ ရှင်လုပ်တာ မှန်တယ် ” ဟု ပြောလိုက်လေ သတည်း ။ ။

ဖိုးစိန်လေး

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား