ဒီဒကာမနဲ့တော့ ခက်ပြီ

“ဘုန်းကုနဲ့သူ၏တကာမ”

တနေ့သ၌ ရွာထဲဝယ် နာရေး တခုမှ ဆရာတော်ကုအား သက်ပျောက် ဆွမ်း ကပ်ရန် အလို့ငှါ လာရောက် ပင့်ဆောင် သဖြင့် ဒကာရင်းလဲဖြစ် ကိုယ့်ရွာသူ ရွာသားလဲ ဖြစ်တာမို့ ကြွလာခဲ့ရာ အိမ်ပေါ်လှမ်း အတက် သေသူ၏ ဇနီးဖြစ်သူ မှ အော်၍ ငိုလိုက် ပုံက

” အမလေး သွားလေသူကြီးရဲ့ ကောင်းလွန်းသူကြီးရဲ့ ဆရာတော် ကြွလာပြီလေ ထပြီး ဖူးပါဦးလား မသေခင်ကတော့ ဆရာတော့်ကျောင်း သွားပြီး ဘောလုံးပွဲ ငြင်းရဦးမယ်ဆို ၊ ငယ်ငယ်တုန်းက ဆရာတော်နဲ့ ကစားရင်း အပျိုကြီး ရေချိုးပြီးချိန် အခန်းပိတ် သနပ်ခါး လူးတာ အတူ တူ ချောင်းခဲ့ဘူးတယ် ဆို ထပြောပါဦးလား တော့ ”

ဘုန်းကုလဲ လှမ်းနေတဲ့ ခြေလှမ်း တုန့် သွားပြီး ” ဟဲ့ ဒကာမ ငိုရင် ရိုးရိုးငိုစမ်း ၊ ပေါက်ကရတွေ ထည့် မပြောနဲ့ ” ” သူပြောဖူးတာတွေ သတိရလို့ပါ ဘုရား ၊ တပည့်တော် အပေါ် အရမ်းကောင်းသူပါ ဘုရား ၊ ကောင်းလွန်းလို့ နှမြောလို့ပါ ဘုရား ”

” ဘာကောင်းတာ ရှိလို့လဲ ဟဲ့ ၊ အမြဲ မူးပြီး အလုပ်က မလုပ် ၊ မိန်းမ လုပ်စာ စား ၊ အရက်သောက် မူးပြီးရိုက် ၊ အလုပ်က မဖြစ်စလောက် ကလေးက တနှစ် တယောက် ၊ အုဋ်ကြားမြက်ပေါက် ”

” အဲ့ဒီလို မပြောပါနဲ့ဘုရား ၊ ဆရာတော် ငယ်သူငယ်ချင်း အရင်းကြီးပါ ဘုရား ၊ ဆရာတော် ကိုရင် ဘဝက ဘုန်းကြီး ကြက်သရေခန်းထဲ ငှက်ပျောသီး ခိုးလဲ အတူတူ ဆွမ်းခံရင်း ဆွမ်းခွက် နှိုက်စားလဲ အတူတူ နေခဲ့သူပါ ဘုရား ၊ အရက်သောက်ပြီး မိန်းမ ရိုက်တတ်တာ ရယ် ၊ အလုပ် မလုပ်ပဲ ပိုက်ဆံ ဖြုန်းတာ ရယ်က လွဲပြီး ကောင်းလွန်းသူပါ ဘုရား ”

” သူကောင်းတာ နင်ပဲ သိမှာပေါ့ ၊ ကျောင်းတော့ တခေါက်မှ မရောက်ပဲ အရက်ချည့် သောက်နေတာ ခုဆို ငရဲကျနေ လောက်ပြီ ”

” အမလေး ဘုရား ဘုရား ပြောရက်လိုက်တာ ဘုရား ၊ ဆရာတော်က ကြက်သား ကြိုက်တတ်လို့ ကြက် သား ကာလသားချက်လေးများ မပါရင် ဆွမ်းမဘုန်းဘူး ဆိုတာ သိရတော့ မုဆိုးမ ဒေါ်တုတ် အိမ် နောက် ဖေး အိမ်သာ နားကနေ ချောင်းပြီး ကြက်တွေ ချေးလာယက်တုန်း ဂွနဲ့ ပစ်ဖမ်း ချက်ခြင်း အပြေး ကပ်ခဲ့တာ မေ့နေပြီလား ဘုရား

ဘုန်းဘုန်းတောင် မြိန်လွန်းလို့ သူ့အသားလေး ဝင်မှ နေသာ ထိုင်သာ ရှိတယ် လို့ မိန့်ခဲ့သေးတာလေ ”

” ဝေါ့ … ဟဲ့ ဒကာမ တော်တော့ ၊ သူ့ဘာသာ ခိုးပြီး ချက်တာ ငါနဲ့ မဆိုင်ဘူး ၊ လာလှူလို့ စားမိတာပဲ ”

” ခုတော့ မဆိုင်ဘူး ငြင်းပြီပေါ့ ဘုရား ၊ အဲ့ဒီတုန်း ကတော့ ငါလဲ တဝက် စိုက်မယ် ဆိုပြီး နှစ်ထောင် စွန့်ခဲ့သေး တယ်လေ ၊ နောက်တခါ ကျရင် မဆလာလေး အုပ်ခဲ့လို့ မိန့်တာ မေ့နေပြီလား ဘုရား ”

” တော် တော် ငါ ပြန်ကြွတော့မယ် ”

” အမလေး ယောက်ျားရဲ့ ရှင့်ဆရာတော်က ပြန်ကြွတော့မယ် တဲ့ ၊ တရားတောင် မပေးတော့ဘူး ၊ စိမ်းကားလိုက်တာ ၊ ထကြည့်ပါဦးတော့

မိုးရွာရင် ဖားတွေ ပေါမှာပဲလို့ ခဏ ခဏ မိန့်တတ်တဲ့ ဆရာတော်ဘုရားကို ထပြီး ဖူးလိုက်ပါဦး ”

” ဟာ ဒီ ဒကာမနဲ့တော့ ” ဘုန်းကုလည်း သုတ်ခြေတင်လိုက်တာ မှုန်နေတာပဲ ။

Credit to ကော်ပေတံ ရွှေသီး

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား