ကျွန်တော်တို့ရွာက ဒေါက်တာ

ကျွန်တော်တို့ရွာမှာ ဒေါက်တာ ဦးစောတင်ဆိုတာ ရှိတယ်ဗျ။ ကျွန်တော်တို့နယ်မှာတော့ အင်မတန်

နာမည်ကြီးပြီး ကျွန်တော်တို့ တစ်နယ်လုံးရဲ့ တစ်ဦးတည်းသော ဒေါက်တာပေါ့ဗျာ။ ဆရာဝန်ဆိုလို့

တစ်နယ်လုံးမှ သူတစ်ဦးတည်းပဲ ရှိတာပါ။ ကျန်တာတွေက ဆေးမှူးနဲ့ ကျန်းမာရေး လုပ်သား၊ သားဖွား

ဆရာမများပဲ ရှိကြတာ။ ဒါ့ကြောင့်အရေးနဲ့ အကြောင်းဆိုရင် ဒေါက်တာ ဦးစောတင်ဆီပဲ ပြေးကြရ

အားကိုးကြရတာပေါ့။

သူက ဇာတိကတော့ ကျွန်တော်တို့ ရွာက မဟုတ်ပါဘူး။ ကျွန်တော်တို့ရွာနဲ့ ၉ မိုင်လောက် ဝေးတဲ့

လက်ခုပ်ကုန်းဆိုတဲ့ ရွာကလေးကပါ။ ဒါပေမယ့် ကျွန်တော်တို့ရွာသူ မတင်လှနဲ့ အကြောင်းပါတော့

ကျွန်တော်တို့ ရွာမှာပဲ အခြေချ နေနိုင်ပြီး ဆေးကုခြင်းအလုပ် လုပ်နေတာပေါ့။

ကျွန်တော်တို့ ရွာမှာ စစ်ပြန်စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဦးစံဖေ ဆိုတာ ရှိသေးတယ်။

အဲဒီ ဦးစံဖေနဲ့ ဒေါက်တာ ဦးစောတင်ဆိုတာ တစ်ဦးကိုတစ်ဦး ပြောမနာဆိုမနာနဲ့ ဦးသူက အနိုင်ယူစတမ်း

တစ်ယောက်ကိုတစ်ယောက် စကားနိုင်လု ပြောနေကျ သူငယ်ချင်းနှစ်ဦးပါပဲ။

တစ်နေ့တော့ ဦးစံဖေ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ဒေါက်တာ ဦးစောတင် ရောက်လာပြီး

“ ဟေ့ စံဖေ ညနေကျရင် ငါနဲ့ လိုက်ခဲ့စမ်းကွာ လက်ခုပ်ကုန်းကိုပြန်ပြီး လူနာ ဆေးကုစရာရှိတယ်။

လူနာက ငါ့ရွာက ငါ့ဦးကြီး ဆိုတော့လည်း မသွားလို့ မဖြစ်ဘူးကွာ”

“ ဟ မင်းရွာ မင်းပြန်တာပဲ ငါက ဘာလုပ်ဖို့ လိုက်ရမှာတုန်း မင်းမှာ ဆိုင်ကယ်ရှိနေတာပဲ

ကိုယ့်ဟာကိုယ် ပြန်ပေါ့ကွ”

“ အခု သွားရမှာက ညနေခင်းကွ ပြီးတော့ ငါက ရွာမှာ ညအိပ်လို့ မဖြစ်ဘူး မနက်ကျရင် ဒီက

လူနာတွေလည်း ကုရဦးမယ်ကွ၊ ဒီတော့ ညတွင်းချင်း ပြန်လာမှ ဖြစ်မှာ”

“ ညတွင်းချင်း ပြန်လာတော့ ဘာဖြစ်သလဲ ကိုယ့်နယ်ကိုယ်ပဲ ဘာကြောက်စရာရှိလည်းကွာ ”

“ အင်း ငါ့ကို တစ်နယ်လုံးက ချစ်ခင်လေးစားနေတာဆိုတော့ ရန်ပြုမယ့်သူတော့ မရှိပါဘူး။ ဒါပေမယ့်

ငါတို့ရွာ မရောက်ခင် လက်ပံကုန်းရွာ သင်္ချိုင်းကို ဖြတ်ရဦးမှာကွဘာပဲပြောပြော ငါ တစ္ဆေတော့

ကြောက်တယ်ကွာ အဲဒီတော့ မင်း အဖေါ်လိုက်ခဲ့ဦး”

“ အောင်မာ မင်းကများ တစ္ဆေကြောက်နေရသေးတယ်။ မကြောက်နဲ့ တစ်နယ်လုံး မင်းကုလို့ သေတဲ့

လူချည်းပဲ မင်းကို ဘယ်တစ္ဆေမှ မခြောက်ရဲဘူး ”

ပြီးတော့ ဆက်ပြောလိုက်သေးတယ်။

“ ဒီမယ် မင်း တစ္ဆေကြောက်ရင် ဆေးထိုးအပ်ကလေး ဆောင်သွား။ လမ်းမှာ တစ္ဆေခြောက်ရင်

ဆေးထိုးအပ်ကလေး ထောင်ပြပြီး “ မင်း နှစ်ခါသေသွားချင်သလား ” လို့ပြောလိုက် အဲဒီ တစ္ဆေ

တစ်ချိုးတည်း လစ်ပြေးလိမ့်မယ် ”

လက်ဖက်ရည်ဆိုင်ထဲက လူတွေလည်း တစ်ဟားဟားနဲ့ ပတ်တုတ်လို့မနိုင်တော့အောင်

ပါပဲဗျာ..........။

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား