ထောင်ချောက် ရှိတယ် ထောင်ချောက်ရှိတယ်

ရဲစခန်းတခုရဲ့ လိုင်းထဲမှာ ကြွက်တကောင် ရှိတယ် ။ ကြွက်ဆိုတာက သိတဲ့အတိုင်း အဖျက်သမားလို့ သိထား တာကြောင့် လူတိုင်းက မုန်းတယ်။ တနေ့တော့ ကြွက်က စခန်းမှူး စားမယ့် ကိတ်မုန့်ကို ကိုက်တယ်။ စခန်းမှူး မိန်းမက စိတ်ဆိုးပြီး ကြွက်ကို ထောင်ဖမ်းဖို့ ဆုံးဖြတ်တယ် ။

ကြွက်ကို ဘာနဲ့ ဖမ်းရမလဲ။ ကြွက်ဆေးချရင် ဘယ်မှာ သွားသေမှန်း မသိ။ ပုပ်ရင် နံမယ်။ ပြီးတော့ အခန့် မသင့်ရင် ကလေးတွေ အတွက် အန္တရာယ် ရှိတယ်။ ဒီတော့ ကြွက်ကို ထောင်ချောက်နဲ့ ဖမ်းမယ်။

ကြွက်ထောင်ချောက်ကို ဝယ်လာပြီးတော့ လိုင်းထဲမှာ အစာနဲ့ ထောင်ထားတယ်။ ကြွက်ကလည်း ခေသူမဟုတ် တော့ ထောင်ချောက်မှန်း သိတယ် ။ ဒါကြောင့်

“ လိုင်းထဲမှာ ထောက်ချောက် ရှိတယ် လိုင်းထဲမှာ ထောင်ချောက်ရှိတယ် ” လို့ လိုက်အော်တယ်။

အော်ရုံနဲ့ မပြီးသေးဘူး လိုင်းထဲမှာ မွေးထားတဲ့ ဝက်ကို သွားပြောတယ်။

“ ကိုဝက်ကြီး လိုင်းထဲမှာ ထောင်ချောက် ရှိတယ် ” “ အဲဒီ ထောင်ချောက်က မင်းအတွက် ငါ့အတွက် မဟုတ်ဘူး ” ကြွက်က နွားဆီ သွားပြန်တယ်

“ ကိုနွားကြီး လိုင်းထဲမှာ ထောင်ချောက် ရှိတယ် ” “ အဲဒါ မင်းတို့ ကြွက်တွေ အတွက် ငါတို့နွားတွေနဲ့ ဘာဆိုင်သလဲ ”  ကြွက်က စိတ်ပျက်သွားတယ် ။ သူက လိုင်းထဲမှာ လျှောက်အော်တယ်

“ လိုင်းထဲမှာ ထောင်ချောက်ရှိတယ် ၊ လိုင်းထဲမှာ ထောင်ချောက်ရှိတယ် ” နောက်ဆုံး ဒေါ်ကြက်မ ဆီ သွားပြန်တယ် ” အဒေါ် လိုင်းထဲမှာ ထောင်ခြောက် ရှိတယ် ” ” ဟဲ့ ငါနဲ့ ဘာဆိုင်သလဲ ”

ဘယ်သူမှ ကြွက်စကားကို နားမထောင်ကြ ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကြွက်ထောင်ချောက် ဆိုတာ ကြွက်အတွက်ပဲ ။ နွားတွေ၊ ခွေးတွေ၊ ဝက်တွေ၊ ကြက်တွေ အတွက်မှ မဟုတ်တာ ။

သတိထားနေတဲ့ ကြွက်က ထောင်ချောက်နား ကို မကပ်ပါဘူး ။ ဒါပေမဲ့ တစ်ညတော့ ထောင်ချောက်ကနေ “ ချောက် ” ဆိုတဲ့ အသံ ကြားလိုက်ရတယ် ။ စခန်းမှူးကတော် ကလည်း ဝမ်းသာ အားရ “ သေချင်းဆိုးကြွက် ခုတော့ ဘာတတ်နိုင်သေးလဲ ” ဆိုပြီး ဝမ်းသာအားရ လက်နှိပ်မီးနဲ့ ဗီရိုအောက်ကို ထိုးကြည့် တယ်။

ထောင်ချောက်မှာ မိနေတာက ကြွက် မဟုတ်ဘူး မြွေဖြစ်နေတယ် ။ အမြီးကို ထောင်ချောက်မှာ မိနေတာဆို တော့ ဒေါသ ထွက်နေတဲ့ မြွေဟာ ဗီရိုအောက်ကို ငုံ့ကြည့်တဲ့ မိန်းမရဲ့ မျက်နှာကို ကိုက်လိုက်တယ်။

မိန်းမကို ဆေးရုံ ပို့ကြတာပေါ့။ ဆေးရုံမှာ အပြင်းအထန် ဝေဒနာ ခံစားနေရတဲ့ မိန်းမကို စားပါစေ ဆိုပြီး လိုင်းထဲက ကြက်ကိုသတ်၊ စွပ်ပြုတ်လေး လုပ်ပြီး သွားပို့ကြတယ် ။

မြွေဆိပ်က ပြင်းတော့ မိန်းမလည်း သေတယ်။ မိန်းမသေတော့ ရက်လည် မတိုင်ခင် ဝိုင်းလုပ် ဝိုင်းစားနဲ့ ရွာက လာတဲ့ အမျိုးတွေ ကျွေးဖို့ ဆိုပြီး ဝက်ကို ပေါ်ရတယ်။ ရက်လည်နေ့ မှာလည်း တရွာလုံးနဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးကို ကျွေးဖို့ ဆိုပြီး နွားပေါ်ရပြန်တယ် ။ ကြွက်က အော်ပါတယ်

“ လိုင်းထဲမှာ ထောင်ချောက်ရှိတယ် ၊ လိုင်းထဲမှာ ထောင်ချောက် ရှိတယ် ”

ကြွက်ထောင်ချောက်ဟာ ကြွက်အတွက်လောက် ထင်နေကြတော့ အားလုံး သေကြတော့ တာပေါ့ ။

( ကြားဖူးတဲ့ ပုံပြင်လေး တပုဒ်ကို ပြန်လည် ရေးကြည့်တာပါ )

တင်ညွန့်

Comments

Popular posts from this blog

စပ်စုတဲ့ မိန်းမ

ဆိုက္ကားဆရာရဲ့ထောပြီအစီအစဉ်

လောင်းမလား